Saturday, September 25, 2010

မိုးရွာသော နေ့တစ်နေ့

(၁)
ညထဲ မိုးက သဲသဲမဲမဲနဲ့ မစဲတော့ဘူး။ ကျနော် အိပ်ယာထဲ ခွေနေလိုက်တယ်။ အပြင်မှာ လျှပ်တွေ လက်နေတယ်။ အဖေ ခုထိ ပြန်မလာသေးဘူး။ အမေက ဖယောင်းတိုင်မီးကို လေကွယ်ပြီး ငုတ်တုပ်ထိုင်နေတယ်။ အစ်မက ကျနော့ဘေးမှာ မှောက်အိပ်နေပုံ ထောက်ရင် ဗိုက်ဆာနေလောက်ပြီ။ ဆာဆို ည ၁၁ နာရီ ထိုးပြီးနေပြီလေ။ တစ်အိမ်လုံး ညစာမှ မစားရသေးတာ။ အဖေပြန်အလာကို စောင့်နေကြတာလေ။
(၂)
အဖေ၊ ကျနော့အဖေက စာအုပ်ကြီးသမား၊ လူပု စိတ်တို၊ သီချင်းကို အကျယ်ကြီးဖွင့်သူ၊ ပြဇာတ်ဆရာ၊ လူကြမ်းမင်းသား၊ သိုင်းဆရာ၊ ပန်းချီဆရာ၊ ဓါတ်ပုံဆရာ၊ အနုပညာမြတ်နိုးသူ၊ စာပေမြတ်နိုးသူ၊ လူမှန်၊ ရိုးသားစွာ နေထိုင်သူ၊ အထက်ဖား အောက်ဖိ လုပ်ရမှာ ၀န်လေးသူ ဒီလိုနဲ့ ကျနော်တို့ မိသားစုဟာ သာမန်ပေါ့။ တခါတလေ ခုလို သာမန်ရာထူးက ပြုတ်ကျသွားတာလည်း ရှိတယ်။
အမေ၊ အမေက သိပ်တော်တယ်။ နာရီမကြည့်ဘဲ အချိန်ပြောနိုင်တယ်။ တော်ဆို အဖေအပါအ၀င် ကျနော်တို့ ခေါင်းက အစ ခြေဖျားအဆုံး အမေ့လက်၊ အမေ့ခြေ။ အဖေက ရှူးရှူးရှဲရှဲနိုင်သလောက် အမေက သွေးအေးတယ်။ တခါတလေ အမေက အဖေ့ထက်တောင် ဖြတ်ထိုးဥာဏ် ကောင်းတယ်။ ကမ္ဘာကျော်တွေရဲ့ အင်္ကျီဒီဇိုင်းတွေကြည့်ပြီး ကျနော်တို့အတွက် လက်ချုပ် ချုပ်ပေးရှာတယ်။ (ဟိုတုန်းက ကျနော်တို့အိမ်မှာ အပ်ချုပ်စက် မရှိပါဘူး။) ဒါပေမယ့် သိပ်ကို သေသပ်လှပ ပါတယ်။ အမေက ရပ်ကွက်ထဲ အိမ်မလည်တတ်ဘူး။ အဖေက စကားပြောရင် အသံကျယ်သလောက် အမေက သိပ်ညင်သာတယ်။ ပြီးတော့ အမေက ရှက်တတ်တယ်။ ဒီလိုနဲ့ ကျနော်တို့လည်း ရှက်တတ်ခဲ့တယ်။
(၃)
“ဖေဖေ ပြန်လာပြီ။”
အစ်မက ၀ုန်းခနဲထပြီး အဖေ့လက်ထဲက မုန့်ထုပ်ကိုသွားယူတယ်။ အဖေကိုယ်မှာ မိုးရေတွေ စိုရွှဲနေတယ်။ ကျနော် တစ်ဘက် တစ်ထည်သွားယူပေးလိုက်တယ်။
“ဗိုက်ဆာနေကြပြီလား။ မရခဲ့ဘူးဟေ့။ ဒါပဲ ပါတယ်။”
ဧလမုန့် ၅ ခုပါ။ အမေ ရေနွေးအိုးတစ်လုံးထဲ လက်ဖက်ခြောက်လေး ခပ်ပြီး သယ်လာတယ်။
လမုန့်ကို အစ်မ ၂ ခုစားပါတယ်။ အမေ ၁ ခု၊ ကျနော် ၁ ခု စားပါတယ်။ အဖေက သူ့အတွက် ၁ ခုကို ကျနော့ကို ပေးပါတယ်။ ခြောက်ကပ်ကပ် ဧလမုန့်နဲ့ ရေနွေးကြမ်းတစ်အိုး။ ဒါ ကျနော်တို့ရဲ့ ညစာပါ။ စားသောက်ပြီး မီးမှိတ် အိပ်ယာဝင်ကြပါတယ်။
(၄)
အဲဒီညက အဖေဟာ ရေနွေးခြမ်းပဲ သောက်ပြီး အိပ်သွားပါတယ်။
အိမ်အပြင်မှာ မိုးတွေ သည်းနေတုန်းပါပဲ။ ကျနော်တစ်ယောက်တည်း ဘာမှ မမြင်ရတာကို ကြည့်နေမိတယ်။

လေပြည်
(23.09.2010/ 3:37 am)

အပြန်လမ်း

ရေခဲတိုက်လို့ ကင်ပွန်းတပ်ထားတဲ့
အခန်းတစ်ခုမှာ ကျုပ်နဲ့အတူ
ဘော်ဒါတွေ အများကြီး အိပ်မောကျလို့ ...

သူတို့တွေ အားလုံး
အသက်မရှုဘဲ အိပ်နေကြတော့
ကျနော်လည်း ရှုကြည့်တယ်
မရပါ။

သတ်မှတ်ရက်ပြည့်တော့
ကျုပ်ကို ရေချိုးကြ
တစ်ကိုယ်စာ ပုံးထဲထည့်ကြ
နှင်းဆီတွေ၊ စံပယ်တွေ
ခေါင်းက ခြေဖျားထိ ပြန့်ကျဲလို့

ငိုဖို့လူတွေ စောင့်နေကြလို့ထင်ရဲ့
ကျုပ်ကို ခေါ်သွားကြတယ်။

ငိုသံတွေနဲ့ မွမ်းမံထားတဲ့
“ဈာပနာပွဲ” တဲ့လား
ကျင်းတစ်ခုထဲ ကျုပ်ကိုထည့်
ဆွေမျိုးတွေ ပြန်သွားပြီ
ကျုပ်မှာတော့ တစ်ယောက်ထဲ

၇ ရက်ပြည့်တော့
ကျုပ်အတွက် ကုသိုလ်ပြုကြပြီ
သာဓု သာဓု သာဓု

Tuesday, September 21, 2010

လူငယ်တစ်ယောက် မဟုတ်တော့ဘူး

ငါက လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး
လူငယ်တစ်ယောက်လို မဟုတ်တော့တဲ့ ငါက
တေးသွားတွေနဲ့လည်း
လွန်လွန်ကျူးကျူး မမူးယစ်သင့်တော့ဘူး
လမ်းဘေးမှာလည်း
လွမ်းဆွေးမနေသင့်တော့ဘူး
အရူးတစ်ယောက်လို
လမ်းတစ်ကာ လျှောက်သွား
စကားမများသင့်တော့ဘူး
လူငယ်တစ်ယောက် မဟုတ်တော့တဲ့အခါ
ငါက ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး
ခရီးတစ်ထောက်ကိုလည်း
လမ်းဖောက်ရမှာပါ ...
ဥယျာဉ်ခြံမြေမှာ
ပန်းတွေဝေဖို့နဲ့
ညှိုးလျော့အားငယ်နေသူတွေကို
အားပေးရမှာ
လူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုတာ
လူငယ်တွေကို စာနာ နားလည်ဖို့နဲ့
အားအင်တွေကို ဖြည့်တင်းပေးမှသာ
လူငယ်တစ်ယောက် မဟုတ်တော့တာကို .... ။ ။

Monday, September 20, 2010

အရေးအသားတစ်ခု

ဝင်ရိုးစွန်းတူလို့
တစ်ယောက်ကို တစ်ယောက် တွန်းကန်
ကျနော်တို့ ညီအစ်ကိုတွေလေ
အဖေဟာ အရောင်သန်းနေတဲ့သတ္တု
သီချင်းကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အ၀ိုင်းဝိုင်းတွေနဲ့
အဆုတ်တခြမ်း မကောင်းတော့ဘူး
ကျနော်တို့ အမှားတစ်ခုခု လုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျနော်တို့ကလည်း ခေသူမဟုတ်
... .... ... ရွေ့တယ်
ကျနော်တို့ခေတ် စိတ္တဇများ
ဆံပင်ရှည်ထားလိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လ္ဖက်ရည်ဆိုင်လို
ဝင်လိုက် ထွက်လိုက်။

Saturday, September 18, 2010

လူ ၃ မျိုးတို့၏ ကိုယ်ပိုင်အမြင်များ

အရူး
အရူးတွေဟာ သူတို့ရရှိထားတဲ့ ဘ၀ကို သူတို့ နားမလည်ကြဘူး။
ဒီတော့ သူတို့ဟာ ကိုယ့်ဖာသာကိုယ် လုပ်ရမှာတွေကို ကြောက်နေကြတယ်။
မကြာခဏ ဆိုသလို သူတို့ဟာ ၀မ်းနည်းနေတတ်ကြတယ်။

လူတော်
လူတော်တွေကတော့ သူတို့ကိုယ်သူတို့ နားလည်ကြတယ်။
ဒါပေမယ့် သူတို့ဘ၀ ပြင်ပကောင်းကျိုးချမ်းသာတွေကို နားမလည်ဘူး။
သူတို့ဟာ သူတို့ကိုယ်သူတို့ အတော်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်မှုတွေနဲ့သာ
အလုပ်ရှုပ်နေတတ်ကြတယ်။

ပညာရှိ
ပညာရှိတွေကတော့ ဘ၀ရဲ့ အတ္တတည်ရှိရာ ခဏတာကို သိနားလည်ကြတယ်။
သူတို့ဟာ ဘ၀ရဲ့ အင်အားကြီးမားသော ပူဖောင်းတွေထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြတယ်။
သူတို့ဟာ ဘ၀ပူဖေါင်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြတယ်။
အဲဒီပူဖေါင်းတွေ မကြာမီ ပျောက်သွားမှာကိုလည်း သိကြတယ်။

Charles Akara ရဲ့ "The Foolish, The Clever and The Wise" မှ Self-Recognition စာပိုဒ်အား ဘာသာပြန်ဆိုသည်။

Wednesday, September 15, 2010

သီအိုရီ မဟုတ်တဲ့ သီအိုရီ

တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေက
ကုန်လုနီးပါးပေါ့
အဲဒီအချိန်
ကျနော် လောကကို ရောက်လာတယ်။

ဆွေးမြေ့နေတဲ့ ကြိုးတံတားပေါ်
ဒူးတွေတုန်ရင်း
ဘုရားရှစ်ခိုးတွေ ပြန်ကျက်
ကြောက်စိတ်တွေလည်း ၀င်ဖူးတယ်။

တစ်ခါတစ်ခါ
ခပ်မြင့်မြင့် တိုက်အိုတစ်လုံးထိပ်
လောကကို ဖြန့်ကြည့်
အားသစ်တွေမွေး
ကိုယ့်ကိုကိုယ် အားပေးရင်း
စိတ်ဓာတ်တွေ မြှင့်တင်ဖူးတယ်။

ကွန်ပျူတာ မမည်တဲ့
ဦးဏှောက်တစ်စုံ
ရေထဲပြုတ်ကျတော့
စိတ်ဓာတ်တွေ ကျရှုံး
ဦးတည်ရာမဲ့ လေလွင့်ရင်း
နို့ဆီခွက်တစ်လုံးလည်း ကန်ဖူးတယ်။

တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေလည်း
ကုန်လုနီးပါးပေါ့ ....

တချို့က ကန်ဘောင်မှာ ရယ်မောရင်း
တချို့က ခပ်တိုးတိုး ငိုရှိုက်ရင်း
၂၀ ရာစုဟာ သေဆုံးလို့
ရာစုသစ် တစ်ခုထဲ
ကျနော် ရောက်ခဲ့ပြန်တယ်။

လေပြည် (၃၁.၁၂.၂၀၀၁)
(၁၀ တန်း အောင်ပြီးစ အချိန်က ရေးခဲ့တာလေးပါ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပေါ့။)

အိပ်ပျက်ည

မှုတ်ထုတ်ခံရတဲ့ သက်ပြင်းတိုင်းလည်း
အနည်ထိုင်ချင်ကြရော့မယ်။

သန်းခေါင်ကျော်ထိ
မမိနိုင်သေးတဲ့ အတွေးတို့ လိုက်ဖမ်းရင်း
နဖူးပေါ် လက်တင်လိုက်
လက်ပေါ် နဖူးတင်လိုက်။

တွန့်ကြေသွားတဲ့ အိပ်ယာခင်းတွေတောင်
လူးလှိမ့်လွန်းလို့တဲ့
“တက်” တစ်ခေါက်ခေါက်
မျက်စောင်း တစ်ခဲခဲ။

စိတ်ကူးနဲ့ချတဲ့ ပန္နက်တွေလည်း
ကမ္ဘာမြေအနှံ့ ထု(ဒု)တက်လို့
တစ်ဖက်စောင်းပြန်တော့
နံရံမှာ ကိန်းဂဏန်းတွေ ပြည့်နေတယ်။

အစီးအနင်းများတဲ့ လောကထဲ
မနက်ဖြန်အတွက် အုတ်မြစ်ချရင်း
ညတစ်ည၏ ခဏ သေခြင်းထဲ
စိတ်တချို့
လွင့် မျော နေ တုန်း။

လေပြည်