Wednesday, November 24, 2010

နောက်ဆုံး

အရယ်အပြုံးတွေ မရှိတော့ဘူး
အရာရာအားလုံး တိတ်ဆိတ်
မျက်ရည်တွေ ဖိတ်ခဲ့ပြီ။

ပန်းတွေ မြေခတဲ့ည
ကမ်းတွေ ပြိုကျတဲ့ည
မီးစာတွေ ကုန်တဲ့ည
အဲဒီညမှာ
(အဖေ အမေရေ
ညီလေးရေ ညီမလေးရေ)
ခေါ်သံတွေ ခေါ်ရာမ၀င်တော့တဲ့နောက်
အရာရာဟာ ...
ခေါ်မကြား အော်မကြား နိုင်လွန်းခဲ့တယ်။

နောက်ထပ်
မြင်ခွင့်မရတော့
ဖြစ်တည်ခွင့်လည်း မရတော့။

ရွက်ဝါတွေ ကြွေလွင့်
နှင်းဆီဝါ၀ါတွေ ကြွေလွင့်
ဂန္ဓမာပန်းအ၀ါတွေ ကြွေလွင့်
ဒီလိုနဲ့
နောက်ဆုံး
အားလုံး ကြွေလွင့်သွားခဲ့ရတယ်။
(မ၀ါဝါ ကောင်းရာ သုဂတိလားပါစေ။)

လေပြည်
(၂၅-၁၁-၂၀၁၀၊ နေ့လည် ၁၂း၂၂)

(23.11.2010) အင်္ဂါနေ့တွင် BRO ကျောင်းမှ ဆရာမ ဒေါ်ဝါ၀ါအေး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်းသိရပြီး မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း။)

Saturday, November 20, 2010

ကမ်းဝေးတိမ်

ကျွန်တော် အိမ်က ထွက်ခဲ့တယ်
နှုတ်ဆက်ခြင်းမှာ အသံ မပါဘူး။

ပင်လယ်ရဲ့ ဆွဲငင်မှုနဲ့
ကိုယ့်ရင်ဘတ်ကို ပြန်ရိုက်တဲ့ လှိုင်းလို
မိုက်မိုက်ရိုင်းရိုင်း ကမ်းနဲ့ဝေးပစ်လိုက်တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ဘူး။

လေထဲ တိုက်အိမ်ဆောက်ပြီး
အိမ်မက်တွေ ရှည်ခဲ့တဲ့နောက်မှာ
ရှည်သလောက် မက်ခဲ့တဲ့ အိမ်နဲ့
တိမ်ဟာ ပြေးသထက် ... ပြေးလို့ ...
အိမ်ဟာ ဝေးသထက် ဝေးလာခဲ့တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ပါဘူး။

လေပြည်
(၃၀-၀၈-၂၀၁၀။ တနင်္လာနေ့၊ ည ၉း၀၀ နာရီ။)

Tuesday, November 9, 2010

ရွက်ကြွေများ

ငါတို့ အရင်လို တဟီးဟီး မရယ်တော့ဘူး
အုပ်စုဖွဲ့ပြီး ယိမ်း,မကတော့ဘူး
အငိုအပြုံးတွေနဲ့ ဇာတ်မတိုက်တော့ဘူး။

သစ္စာရှိစွာ စိမ်းလန်းခဲ့ပြီးပြီ
နောက်ဆုံးအချိန်ထိ ဖက်တွယ်ခဲ့ပြီးပြီ
ကိုယ့်ကိုယ်ကို ခြွေချ မြေခခဲ့ပြီးပြီ။

မနက်ဖြန်မှာ
ဒီ့ထက် ပိုရင့်ရော်လို့
ဒီ့ထက် ပိုခြောက်သွေ့လို့
ဒီ့ထက် ပိုပါးလွှာလို့

လေပြည် တစ်လှမ်း
ရွက်ကြွေ တစ်သန်း လွင့်ခဲ့တယ်
ဟို...အဝေးကို။

(အိမ်ဝေးငှက်များသို့ ....)
လေပြည်
(၉-၁၁-၂၀၁၀၊ အင်္ဂါနေ့၊ ည ၁၂း၀၀ နာရီ)