Saturday, September 25, 2010

မိုးရွာသော နေ့တစ်နေ့

(၁)
ညထဲ မိုးက သဲသဲမဲမဲနဲ့ မစဲတော့ဘူး။ ကျနော် အိပ်ယာထဲ ခွေနေလိုက်တယ်။ အပြင်မှာ လျှပ်တွေ လက်နေတယ်။ အဖေ ခုထိ ပြန်မလာသေးဘူး။ အမေက ဖယောင်းတိုင်မီးကို လေကွယ်ပြီး ငုတ်တုပ်ထိုင်နေတယ်။ အစ်မက ကျနော့ဘေးမှာ မှောက်အိပ်နေပုံ ထောက်ရင် ဗိုက်ဆာနေလောက်ပြီ။ ဆာဆို ည ၁၁ နာရီ ထိုးပြီးနေပြီလေ။ တစ်အိမ်လုံး ညစာမှ မစားရသေးတာ။ အဖေပြန်အလာကို စောင့်နေကြတာလေ။
(၂)
အဖေ၊ ကျနော့အဖေက စာအုပ်ကြီးသမား၊ လူပု စိတ်တို၊ သီချင်းကို အကျယ်ကြီးဖွင့်သူ၊ ပြဇာတ်ဆရာ၊ လူကြမ်းမင်းသား၊ သိုင်းဆရာ၊ ပန်းချီဆရာ၊ ဓါတ်ပုံဆရာ၊ အနုပညာမြတ်နိုးသူ၊ စာပေမြတ်နိုးသူ၊ လူမှန်၊ ရိုးသားစွာ နေထိုင်သူ၊ အထက်ဖား အောက်ဖိ လုပ်ရမှာ ၀န်လေးသူ ဒီလိုနဲ့ ကျနော်တို့ မိသားစုဟာ သာမန်ပေါ့။ တခါတလေ ခုလို သာမန်ရာထူးက ပြုတ်ကျသွားတာလည်း ရှိတယ်။
အမေ၊ အမေက သိပ်တော်တယ်။ နာရီမကြည့်ဘဲ အချိန်ပြောနိုင်တယ်။ တော်ဆို အဖေအပါအ၀င် ကျနော်တို့ ခေါင်းက အစ ခြေဖျားအဆုံး အမေ့လက်၊ အမေ့ခြေ။ အဖေက ရှူးရှူးရှဲရှဲနိုင်သလောက် အမေက သွေးအေးတယ်။ တခါတလေ အမေက အဖေ့ထက်တောင် ဖြတ်ထိုးဥာဏ် ကောင်းတယ်။ ကမ္ဘာကျော်တွေရဲ့ အင်္ကျီဒီဇိုင်းတွေကြည့်ပြီး ကျနော်တို့အတွက် လက်ချုပ် ချုပ်ပေးရှာတယ်။ (ဟိုတုန်းက ကျနော်တို့အိမ်မှာ အပ်ချုပ်စက် မရှိပါဘူး။) ဒါပေမယ့် သိပ်ကို သေသပ်လှပ ပါတယ်။ အမေက ရပ်ကွက်ထဲ အိမ်မလည်တတ်ဘူး။ အဖေက စကားပြောရင် အသံကျယ်သလောက် အမေက သိပ်ညင်သာတယ်။ ပြီးတော့ အမေက ရှက်တတ်တယ်။ ဒီလိုနဲ့ ကျနော်တို့လည်း ရှက်တတ်ခဲ့တယ်။
(၃)
“ဖေဖေ ပြန်လာပြီ။”
အစ်မက ၀ုန်းခနဲထပြီး အဖေ့လက်ထဲက မုန့်ထုပ်ကိုသွားယူတယ်။ အဖေကိုယ်မှာ မိုးရေတွေ စိုရွှဲနေတယ်။ ကျနော် တစ်ဘက် တစ်ထည်သွားယူပေးလိုက်တယ်။
“ဗိုက်ဆာနေကြပြီလား။ မရခဲ့ဘူးဟေ့။ ဒါပဲ ပါတယ်။”
ဧလမုန့် ၅ ခုပါ။ အမေ ရေနွေးအိုးတစ်လုံးထဲ လက်ဖက်ခြောက်လေး ခပ်ပြီး သယ်လာတယ်။
လမုန့်ကို အစ်မ ၂ ခုစားပါတယ်။ အမေ ၁ ခု၊ ကျနော် ၁ ခု စားပါတယ်။ အဖေက သူ့အတွက် ၁ ခုကို ကျနော့ကို ပေးပါတယ်။ ခြောက်ကပ်ကပ် ဧလမုန့်နဲ့ ရေနွေးကြမ်းတစ်အိုး။ ဒါ ကျနော်တို့ရဲ့ ညစာပါ။ စားသောက်ပြီး မီးမှိတ် အိပ်ယာဝင်ကြပါတယ်။
(၄)
အဲဒီညက အဖေဟာ ရေနွေးခြမ်းပဲ သောက်ပြီး အိပ်သွားပါတယ်။
အိမ်အပြင်မှာ မိုးတွေ သည်းနေတုန်းပါပဲ။ ကျနော်တစ်ယောက်တည်း ဘာမှ မမြင်ရတာကို ကြည့်နေမိတယ်။

လေပြည်
(23.09.2010/ 3:37 am)

No comments:

Post a Comment