Sunday, June 17, 2012

ဘူတာအမှတ် ၆၁

ဘူတာအမှတ် ၆၁

ရခိုင်ရိုးမထဲက ဓားသိုင်းနဲ့
ဇူလိုင်မိုးမခထဲက ပန်းရိုင်းလို
အရိုင်းအစိုင်း လှခဲ့တာ
အဖေ ...။

ပုန်းညှက်လှေကလေးနဲ့ နေ့ရက်များ
ဒီရေတက်ခဲ့တဲ့ အိမ်လေးနဲ့
အင်ဂျင်တစ်ခုလုံး ၀ါးမြိုခံခဲ့ရတာတောင်
ဧရာဝတီကို မမုန်းခဲ့တာ
အဖေ ...။

အညာနွေ နေပူကျဲအောက်
ပတ်ကြားအက် ခြေဖနောင့်တွေ
ရိုးမ မုန်တိုင်းထဲ
တစ်မိုးလုံး တင်းခဲ့တဲ့ မာနတွေနဲ့
ရိုးမတောင်တန်းတွေပေါ်
တစ်ဆောင်းလုံး လီဗာဗျင်းခဲ့တာ
အဖေ ...။

ခန်းလုံးပြည့် ပန်းချီတွေ ကာရံထားတဲ့ အိမ်မှာ
အဖေနဲ့ အတူ ခေါင်မိုးတွေမိုး
စည်းရိုးတွေခတ် ထင်းတွေဖြတ်
ထုံးတွေသုတ် ပေါင်းတွေခုတ်
ကတုတ်မြောင်းတွေလည်း တူးခဲ့တယ်။

အဖေရေးခဲ့တဲ့ ဆေးရေးပန်းချီမှာ
သံစဉ်မဲ့ စကားသံတွေ ရှိတယ်။

အဖေ သွေးခဲ့တဲ့ ဓားမှာ
မှော်အောင်နေတဲ့ သတ္တိတွေ ရှိတယ်။

ခြေဆန့်ခဲ့တဲ့ ဘ၀တစ်လျှောက်
သေချင်စော်နံ လောကဓံထဲ
အဖေ ပေးခဲ့တဲ့ သင်ခန်းစာက
မိုးရွာသော နေ့တစ်နေ့။

အခုတော့ ...
တစ်သက်လုံး သုံးမကုန်တဲ့
စကားလက်ဆောင်နဲ့
အဖေ့ တန်ဖိုးတွေ နားလည်
အဖေပေးတဲ့ သွေးနဲ့
အားလုံးကို ရင်ဆိုင်ရဲပါတယ် အဖေ။

ခုဆို
အဖေက ၆၁ ဘူတာကို ဖြတ်ကျော်ခဲ့ပြီး
ရထားတစ်စီးလို ဆက်လက် ခုန်မောင်းနေမြဲ။

လေပြည်

လွန်ခဲ့တဲ့ ၃ နှစ်လောက်က “ဖေဖေ့ရဲ့ ၆၁ နှစ်ပြည့်မွေးနေ့ အမှတ်တရ” ရေးထားတဲ့ ကဗျာလေးပါ။
ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ “နိုင်ငံတကာ အဖေများနေ့” မှာ အမှတ်တရ တင်လိုက်ပါတယ်။

1 comment:

  1. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete