Wednesday, January 19, 2011

အမေ့ထံသို့ အလောသုံးဆယ် မေးခွန်းများ

အုန်းသီး ငှက်ပျောသီးနဲ့ ဘုရားပန်းစည်းတွေကို သယ်
မိသားစုအတွက် ဆန်လေးပြည်ကိုဆွဲ
ခရမ်းချဉ်သီးပဲ ပါလာတတ်တဲ့အမေ
ကျနော့မေမေ ပင်ပန်းနွမ်းနယ်နေပြီလား။

နေ့လည်မှာ အိမ်အလုပ်တွေ ရှုပ်နေတာမို့
အိပ်ဖို့တောင် အချိန်မရတဲ့ အမေ
ကျနော့မေမေ အင်အားတွေမှ ပြည့်ဖြိုးရဲ့လား။

ဟိုဘက်ရပ်ကွက်မှာ ဈေးလျှော့ပေးတယ်ကြားတိုင်း
သွားတန်းစီရဦးမယ်ဆိုတဲ့ အမေ
အရင်ကလို သွက်လက်နေတုန်းပဲလား။

၅၇ နှစ် ပြည့်ပြီ အမေရေ
အားလုံးက မနေ့တနေ့ကလိုပါပဲ
ဒီနှစ်လည်း ကျနော့ မွေးနေ့လက်ဆောင်က
ကဗျာတစ်ပုဒ်ပဲဖြစ်မယ်ဆိုတာ
အမေ ကြိုသိနေမယ် မဟုတ်လား။

၃ နှစ်လောက် မတွေ့ရတော့
အမေ ဘာတွေများ ပြောင်းလဲသွားမလဲနော်။

သွားတွေများ ကျိုးနေမလား
ပါးရည် နားရည်တွေ တွန့်နေမလား
အရင်လို ဆံပင်ဖြူတွေ ဆေးဆိုးပေးမယ့်သူရော ရှိရဲ့လား
နင်းနှိပ်ပေးမယ့် ကျနော့လို အရိုးတစ်ယောက်ရော ရှိရဲ့လား။

မီးဖိုခန်းထဲ တစ်ယောက်ထဲ စကားတွေပြောနေသေးလား အမေ
ခြံထဲမှာ သီးပင်စားပင်တွေရော စိုက်ပျိုးဖြစ်ရဲ့လား
ကျနော် ပို့တဲ့လက်ဆောင်တွေနဲ့
ပွဲနေ့ပွဲထိုင်ရော တက်ဖြစ်ရဲ့လားအမေ။

အတင်းပြောတဲ့ ကျနော်တို့ရပ်ကွက်မှာ
အမေ့မျက်နှာ ၀င်းဝင်းပပ ရှိပါရဲ့လား။
အမေ စိတ်လက်ချမ်းသာ ရှိပါရဲ့လား။
အမေ ကျန်းကျန်းမာမာ ရှိပါရဲ့လား။

ဒီနှစ်လည်း မွေးနေ့အလှူလေး လုပ်ဦးမှာလားအမေ
ဘာတွေ ကျွေးမွေးလို့
ဘယ်လိုဒါနတွေ ပြုမှာပါလဲအမေ။

ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေအမေရေ
အမေ စိတ်ရွှင်လန်းလို့ ၀င်းပပါစေ။
အမေ ကျန်းမာလို့ နေများကောင်းပါစေလို့
အဝေးမြေမှ ရှစ်ခိုးကန်တော့ ဆုတောင်းလိုက်ပါတယ် အမေ။

လေပြည်
(မေမေ့ ၅၇ နှစ်ပြည့်မွေးနေ့သို့ အမှတ်တရ)
“ယောက်ျားဝါဆို၊ မိန်းမပြာသို”တဲ့ ကျနော့ အမေက ပြာသိုလမှာ မွေးတာပါ။
ဒါနဲ့ ကြော်ငြာဝင်တယ်ပဲဆိုဆို၊ ကြွားတယ်ပဲဆိုဆို အမယ် ကျနော့အဖေကလည်း ၀ါဆိုဖွား ဗျို့။

No comments:

Post a Comment